မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့

ငယ်စဉ်အခါက မြန်မာ့ရုပ်မြင်သံကြားတွင် “ရန်သူမျိုးငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ မညှာတာ ဘယ်သူ့မှမထောက်ပါ သူခိုး၊ ဓါးပြထက် ဆိုးတဲ့ရန်သူဟာ … ဤဇဗ္မူတစ်ခွင်မှာ ရန်သူမီးကို ရှောင်ရှား သတိပြုပါ” ဟူသော သီချင်းစာသားလေးအား မိဘပြည်သူများ သတိရကြဦးမည်ထင်ပါသည်။

အချို့သော အညာဒေသတို့၏ ရွာအဝင်တံခါး ဆိုင်းဘုတ်လေးတွင်လည်း မီးဘေးအန္တရာယ်မှ ကင်းဝေးစေအံ့ဟူသော မီးသတိပေး ဆိုင်းဘုတ်ကလေးများ ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ယခုပူပြင်းလှသော နွေရာသီအချိန်ကာလတွင် မြန်မာနိုင်ငံအဝှမ်း နေရာဒေသ အသီးသီးတို့တွင် မီးလောင်ဆုံးရှုံးမှု သတင်းများ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် ပုံနှိပ်မီဒီယာများ၊ အွန်လိုင်းမီဒီယာများတို့တွင် ခပ်စိပ်စိပ်ကလေး တွေ့မြင်ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ။ မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုကြောင့် မိဘပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်နှင့် ငွေကျပ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။

ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်များ ကင်းဝေးစေရန် “မီးဘေးရှောင် မလောင်ခင်တား” ဟူသော ဆောင်ပုဒ်လေးအတိုင်း မလိုလားအပ်သောဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် မိဘပြည်သူများအနေဖြင့် ဝိုင်ဝန်းကာကွယ်ကြရန်နှင့် မီးဘေးနှင့်ပတ်သက်သော အသိပညာပေး လုပ်ငန်းများ၊ မီးဘေးကာကွယ်ရေး အစီအမံများ ပိုမိုလုပ်ဆောင်ကြရန် လိုအပ်လာပြီဖြစ်သည်။ ၂ဝ.၄.၂ဝ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အပူပြင်း အခြောက်သွေ့ဆုံးသော ဒေသတစ်ခု အပါအဝင်ဖြစ်သော ညောင်ဦးမြို့နယ်ရှိ ယဉ်စမ်းကျေးရွာတွင် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၉) အိမ် မီးလောင် ဆုံးရှုံးခဲ့ရပြီး လူဦးရေ (၁ဝဝ) ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပြီး တစ်ရက်အကြာတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ညောင်ဦးမြို့ရှိ “ကရုဏာရှင်” နာရေးအခမဲ့ ကူညီမှုအသင်းနှင့် ဆက်သွယ်ကာ မီးဘေးသင့် ပြည်သူများအတွက် လိုအပ်သောပံ့ပိုးမှုများ ကူညီဖေးမခဲ့သည်။ ယဉ်ဆမ်းကျေးရွာ မီးဘေးသင့်ပြည်သူများသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဆန်အိတ်များ၊ ဖိနပ်များ၊ မီးဖိုချောင် သုံးပစ္စည်းများဖြစ်သည့် စတီးအိုး၊ ထမင်းပေါင်းအိုး၊ ခွက်၊ ပန်းကနန်၊ ဓါး၊ ဇွန်း၊ ကပ်ကြေးနှင့် စောင်၊ ခြင်ထောင်၊ ခေါင်းဦး၊ အိပ်ယာခင်းနှင့် အဝတ်အထည်များ (စုစုပေါင်းငွေကျပ် (၁ဝ) သိန်းကျော်ခန့်)အား ညောင်ဦးမြို့ရှိ “ကရုဏာရှင်” နာရေးအခမဲ့ ကူညီမှုအသင်းမှ တဆင့်ပေးပို့၍ လှူဒါန်းကူညီပေးခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လှူဒါန်းနိုင်ခဲ့ခြင်းသည် နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အများပြည်သူတို့၏ နာရေးကိစ္စသာမက ကျန်းမာရေး၊ ပညာရေး၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ သဘာဝဘေး၊ စစ်ဘေးများ ဖြစ်ပေါ်လာပါက မဆိုင်းမတွန့် အကူအညီ ပေးနိုင်ရန်အတွက် အလှူငွေများ စနစ်တကျ စီစဉ်ထားရှိမှုတို့ကြောင့် ယခုကဲ့သို့ ထိရောက်လျင်မြန်စွာ ကူညီပေးနိုင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ဆုံးရှုံးမှု ဖြစ်စဉ်အား သုံးသပ်ကြည့်ပါက ညောင်ဦးဒေသသည် မြန်မာပြည်၏ ရေအရှားပါးဆုံးသော အပူပိုင်းဇုန်တွင် ပါဝင်နေပြီး သောက်သုံးရေ လုံလောက်စွာ ရရှိရန်အတွက်ပင် ရုန်းကန်နေရသော ဒေသ တစ်ခုပင်ဖြစ်သည်။

ထိုမီးလောင်မှု ဖြစ်ပွားချိန်တွင် ရွာထဲ၌ လူကြီးပိုင်းနှင့် လူလတ်ပိုင်းအရွယ်များမှာ ယာထဲသို့သွားရောက်၍ အလုပ်လုပ်နေချိန်တွင် ရွာထဲ၌ အသက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များသာ ကျန်ရှိနေခြင်း မီးငြိမ်းသက်ရန်အတွက် မီးချိတ်၊ မီးကဒ်များ သဲနှင့် ရေလုံလောက်စွာ ပြင်ဆင်ထားနိုင်ခြင်းမရှိ၊ အဓိကမှာ မီးငြိမ်းသတ်ရန် ရေမဆိုထားနှင့် သောက်သုံးရေပင် လုံလောက်စွာ မရှိခြင်းကြောင့် ယခုကဲ့သို့ ဆုံးရှုံးမှု ပိုမိုများပြားခဲ့ရသည်။ ထို့ကြောင့် သောက်သုံးရေပင်အနိုင်နိုင် သုံးစွဲနေကြရသော ကျေးရွာအတွက် ရေဖြင့်မီးငြိမ်းသတ်နိုင်ရန်မှာ ခက်ခဲလွန်းလှသည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ယခင်နှစ်မှ စတင်ကာ ညောင်ဦးဒေသတွင် စက်ရေတွင်းများ (အဝီစိတွင်း) တူးဖော်ပေးလျှက်ရှိသည်။ အပူပိုင်းဇုန်ဖြစ်သော ပုဂံညောင်ဦးဒေသတွင် ယခုကဲ့သို့ မလိုလားအပ်သော မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် မီးဘေးအန္တရာယ်မှ ကင်းဝေးကြစေရေးအတွက် ဝိုင်းဝန်းကူညီကြရန် မိဘပြည်သူများအား အသိပေးအပ်ပါသည်။ မြန်မာပြည်သူ/ သားများအားလုံး ရန်သူမျိုးငါးပါးတွင် အပါအဝင်ဖြစ်သော “မီးဘေးအန္တရာယ်မှ ကင်းဝေးကြပါစေအံ့” ဟု ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတော့သည်။

Leave a comment

Your email address will not be published. Required fields are marked *