သုခဆေးခန်း၏ ပီတိရိုက်ခတ်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ကုသိုလ်ဖြစ် ဆရာဝန်များ၊ ဝန်ထမ်းများ၊ အလုပ်အမှုဆောင်များ၊ အရေးပေါ် ရှေးဦးသူနာပြုအဖွဲ့၊ လုပ်အားပေး အသင်းသား/သူများတို့သည် နယ်လှည့် ဆေးကုသမှု အစီအစဉ်အဖြစ်၂ဝ၁၃ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီး ကျေးရွာသို့၄င်း၊ မေလတွင် အမှတ်(၁ဝ)နယ်မြေ၊ ပုသိမ်မြို့ရှိ ဒေသခံ “သစ္စာရောင်ခြည်” နာရေးကူညီမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အသင်းတို့၏ ဖိတ်ကြားချက်ကြောင့်၄င်း၊

ယခု ဇွန်လ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာသို့ ဒေသခံ “သက်ကြီးရွယ်အို ကုသိုလ်ပြု ကျန်းမာရေး စောင့်ရှောက်မှုအသင်း”၏ တတိယအကြိမ် ဖိတ်ကြားချက်ကြောင့် ၃ဝ.၆.၂ဝ၁၃ ရက်နေ့တွင် သွားရောက်ခဲ့ကြတော့သည်။ သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)သည် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် တစ်ရက်သည် ပိတ်ရက်အဖြစ် သတ်မှတ်၍ ဆေးခန်းအား ပိုးသတ်သန့်စင်ခြင်း၊ သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်လျှက်ရှိသည်။

၂ဝ၁၃ ခုနှစ်၊ မတ်လမှစတင်ပြီး လစဉ်လတိုင်း၏ လကုန်နောက်ဆုံးရက် တစ်ရက်အား ရန်ကုန်မြို့ နှင့် အလှမ်းမဝေးလှသည့် မြို့နယ်၊ ကျေးရွာများသို့ (နေ့ချင်းပြန်) ခရီးစဉ်အဖြစ် “နယ်လှည့်ဆေးဝါး ကုသမှုအစီအစဉ်” တစ်ရပ်အား သုခကုသိုလ်ဖြစ် ဆေးခန်းမှ ကုသိုလ်ဖြစ် ဆရာဝန်များတို့၏ စာနာခံစားချက် ကိုယ်စီဖြင့် တူညီသောဆုံးဖြတ်ချက်၊ ဦးတည်ချက်များတို့ဖြင့် “ပြင်းပြသော ဆန္ဒအဟုန်သည် အရာရာကို မပြီးမြောက်သည်မရှိ” မုချ အမှန်ဧကန် အောင်မြင်ပြီးမြောက်ရမည်။ ကောက်ရိုးမီး မဖြစ်စေဘဲ စနစ်တကျ ရေရှည်တည်တံ့ သက်ဝင်ရန်လိုအပ်သည်။ ထိုဆန္ဒကိုယ်စီဖြင့် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းမှ လုပ်အားပေးဆရာဝန်များ၊ ဝန်ထမ်းများ၊ အသင်းသား/သူများတို့ အသီးသီး နှိုးကြားတတ်ကြွစွာဖြင့် ခရီးနှင်လာခဲ့ကြသည်။ ရန်ကုန်မှ ညောင်တုန်း လမ်းမကြီးအတိုင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာ အဝင်လမ်းတစ်လျှောက် ဘေးဝဲယာရှိ တဲအိမ်လေးများမှ ဦးခေါင်းအချို့ ပြူထွက်ကြိုဆိုကြသည်။ နံနက် (၉းဝဝ) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး ဆေးဝါးပစ္စည်းအထုပ် ကြီးငယ်များကို မော်တော်ယာဉ်ပေါ်မှ ဆေးကုသမည့် ဓမ္မရုံပေါ်သို့ သယ်ယူပေးကြသည့် လူမှုရေးသမားများ၏ ရင်းနှီးပေးဆပ်ကြသည့် လုပ်အားသည်လည်း မှတ်တမ်းတင်စရာ။ ဆေးဝါးလာရောက် ကုသကြသူများတစ်ချို့၊ ကိုယ်ကာယ အားကောင်းသူတစ်ချို့ ဝိုင်းဝန်း၍ သယ်ယူလုပ်အားပေးကြသည်။ သူတို့လည်း သူတို့ပေးနိုင်တာ ပြန်လည်ကူညီ ပေးကြခြင်းဖြစ်သည်။

မော်တော်ယာဉ်ပေါ်မှ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာဝန်များနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အဖွဲ့သူ/သားများသည် အောက်သို့ဆင်း၍ ဒေသခံ လူမှုရေးသမားများတို့မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး မဟာပုညဘုရားကြီးကျောင်းမှ ဝိသာခါဓမ္မာရုံကြီးတွင် ဆေးဝါးကုသရန် ရောက်ရှိနေကြသူများထဲတွင် အသက်အရွယ် အိုမင်းရင့်ရော်သော အဘိုးအဘွားများ၏ အရိုးပြိုင်းပြိုင်း၊ အရေလိပ်နေသော လက်များပင် ကတုန်ယင်ရှိကြပြီး ကျွန်တော်တို့ကို ငေးမောကြည့်နေသော သူတို့၏ မျက်လုံးများထဲတွင် ယုံကြည်အားကိုးမှု၊ ဝမ်းနည်းဝမ်းသာမှုများ ရောင်စုံအရိပ်ထင်နေသည်။ တုန်ယင်လှိုက်လှဲသော ဝမ်းမြောက်ကြိုဆိုမှု အဟုန်ကြောင့် သူတို့၏ မျက်ဝန်းများထဲမှ ဝမ်းနည်းဝမ်းသာ မျက်ရည်များသည်အပြင်မှ မိုးစက်များနှင့်အပြိုင် စီးကျနေသည်။ ဒေသခံလူမှုရေး အသင်းဖြစ်သည့် “သက်ကြီးရွယ်အို ကုသိုလ်ပြု ကျန်းမာရေး စောင့်ရှောက်မှုအသင်း”မှ လူမှုရေးသမားများတို့သည် ယင်းနေ့၊ ယင်းရက်တွင် ရန်ကုန်မြို့ရှိ ဦးကျော်သူ၏ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာဝန်ကြီးများ အခမဲ့ လာရောက်၍ ဆေးဝါးကုသမည်ဖြစ်ကြောင်း တစ်ရွာဝင် တစ်ရွာထွက်၍ နှိုးဆော်ထားမှုသည် မည်သည့်အကျိုးမျှ မျှော်ကိုးသည်မဟုတ်သော ရွာသူ/သားများသည်လည်း ပါဝင်ပေါင်းစည်းလာကြသည်။ ရုပ်ဝတ္ထုပစ္စည်း ပမာဏထက် မည်သည့်အသွေးအရောင် စွန်းထင်းမှုများမရှိသော အများ၏ကြီးမား မွန်မြတ်သည့် ပါဝင်ပေါင်းစည်းမှု စိတ်ရင်းစေတနာများဖြစ်သည်။

ကျွန်တော်တို့ အများကြီးပေးဆပ်ရဦးမည်။ သုခကုသိုလ်ဖြစ် ဆေးခန်း၏ နယ်လှည့်ဆေးဝါးကုသ ပေးဆပ်မှုအား ဆရာဝန်များအဖြစ် ဒေါက်တာရွှေထွဏ်း၊ ဒေါက်တာလှမျိုးနိုင်၊ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာ မြင့်ဇော်ဦး၊ ဒေါက်တာ အိအိထွေးမြင့်၊ ဒေါက်တာ ဇာဇာရွှေ၊ ဒေါက်တာ ခင်သီတာဝင်း တို့အပြင် သွားဆရာဝန်များအဖြစ် ဒေါက်တာ ရဲထွန်းကျော်၊ ဒေါက်တာဉာဏ်မင်း၊ ဒေါက်တာလင်းထိုက် တို့နှင့်အတူ အလုပ်အမှုဆောင်များ၊ ဝန်ထမ်းများ၊ လုပ်အားပေးများလည်း လိုက်ပါခဲ့ကြပြီး လူနာများတို့၏ ရောဂါဝေဒနာများအား ကိုယ်တိုင်ကိုယ်ကျ ကုသပေးနေရသော ဆရာဝန်ကြီးများတို့၏ လက်များ၊ ဆေးထိုးပေး နေကြသည့် သူနာပြုဆရာမတို့၏ လက်များ၊ လူနာတင်ယာဉ်ဖြင့် နေအိမ်မှ ဆေးခန်း (သို့) ဆေးခန်းမှ နေအိမ် (သို့) ဆေးခန်းမှ ပြည်သူ့ဆေးရုံကြီးသို့ လူနာအား သယ်ဆောင်နေသူတို့၏ လက်များ၊ ဆေးဝါး (သောက်ဆေး) များအား ထည့်ပေးနေကြသော ဆရာမ၊ လုပ်အားပေးများတို့၏ လက်များနှင့် လူနာများ၏ အမည်နာမအား ခေါ်ဆို၍ ဆေးသောက်သုံးရန် အညွှန်းများအား ရှင်းလင်းပြောကြားချိန်တို့တွင် ကျွန်တော်တို့၏ လက်များ တုန်ယင်နေသည်အထိ ရင်ထဲမှာ ဝမ်းသာပီတိ ရိုက်ခတ်ပြည့်လျှံ လာခဲ့သည်။ ယခုလို သုခကုသိုလ်ဖြစ် ဆေးခန်း၏ ဆေးဝါးကုသမှု၊ ပေးဆပ်မှုမြင်ကွင်းများကိုလည်း အလှူရှင်များတို့အား မြင်တွေ့စေချင်သည်။ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟူသော စကားအရ ကျန်းမာခြင်းသည် လူသားများအတွက် အဓိကဖြစ်သည်။ မိမိတို့အတွက် မပြောပလောက်သည့် အလှူပစ္စည်းများသည် လိုအပ်နေသူများကို အတိုင်းမသိ ဖြည့်ဆည်းပေးလျှက်ရှိချေပြီ။

သုခကုသိုလ်ဖြစ် ဆေးခန်းမှ စေတနာရှင် ဆရာဝန်များတို့၏ ကုသမှုများအပြင် ဆရာဝန်များဖက်မှ လူနာများအား ဂရုစိုက်တယ်ဆိုသည့် နွေးထွေးမှု အားပေးစကားများပင်ဖြစ်သည်။ ရိုးသားကြသည့် ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာနေ ဒေသခံ လူမှုရေးသမားများနှင့် ပြည်သူများတို့သည် ငြင်းဆန်မှုမရှိသည့် အမူအယာ ကျေနပ်ကြည်နူးသည့် မျက်ဝန်းများ၊ ယုံကြည်အားကိုးသည့် မျက်နှာလေးများဖြင့် ပြန်လည်တုံ့ပြန်ကြပါသည်။ လူနာများသည် ကျန်းမာရေးထိခိုက်၍ လာကြခြင်းဖြစ်သည်။ ခန္ဓာမှ သွေးသားဖေါက်ပြန်မှုများ သွေးသားပျက်စီးမှုကြောင့် လာရောက်၍ ပြသခြင်းဖြစ်သည်။ ဆရာဝန်ကြီးများနှင့် ဆေးဝါးတို့ကြောင့် နေမကောင်းဖြစ်ခြင်းမှ ကျော်လွှားလွတ်မြောက်လာသည့် သေဆုံးခြင်းတရား မတိုင်ခင် ကျန်းမာနေကောင်းလာသူများအတွက် သူတို့တွေ ရှင်သန်နေထိုင်နိုင်ကြပြီး လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေဟု သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာဝန်များ၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများတို့နှင့် ဒေသခံ လူမှုရေးသမားများတို့သည် အစွမ်းကုန်ပေးဆပ် ကုသပေးရင်းဖြင့် မေတ္တာပို့သ ခဲ့ပါတော့သည်။

အချိန်တန်တော့လည်း အပြန်ခရီးအတွက် ပြင်ဆင်ရတော့သည်။ တစ်ဦးကိုတစ်ဦး ကြင်နာသည့် မျက်လုံးများဖြင့်ကြည့်လို့။ တစ်ချိန်တွင် ပြန်ဆုံတွေ့ခွင့် ရနိုင်ဖို့မလွယ်ကူပေမယ့် အဲဒီမျက်လုံးတွေကိုတော့ ဆရာဝန်များ၊ အသင်းသား/သူများ မေ့နိုင်မည်မဟုတ်ပေ။ ကျုံပျော်မြို့မှ အပြန်လမ်းတလျှောက် ဆိပ်ငြိမ်သည့် လမ်းမကြီးမှ နာရေးကူညီမှု အသင်း(ရန်ကုန်) အဖွဲ့သားများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာဝန်များတို့သည် အတွေးများ ကိုယ်စီဖြင့် ဘာကိုတွေးနေမှန်းမသိ တိတ်ဆိတ်လို့။ ည (၁ဝးဝဝ) နာရီကျော်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ ရောက်ခဲ့ကြတော့သည်။ သုခကုသိုလ်ဖြစ် ဆေးခန်း၏ နယ်လှည့်ဆေးကုသမှု အစီအစဉ် တစ်နေ့တာ လုပ်ငန်းစဉ်တစ်ခုလုံး ပမာဏအဆင့်အနေဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့သည်ဟု ဆိုနိုင်သည်။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပက္ခာဝေဒနာ ရင်ထဲတွင် မိမိတို့ ပေးဆပ်ခဲ့သမျှအတွက် ချမ်းသာပီတိ ရိုက်ခတ်ခဲ့ကြသည်။

ယခုအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ် ဆေးခန်းအနေဖြင့် အလှမ်းမီ သလောက်အတွက်သာ နယ်လှည့်ဆေးကုသမှု အစီအစဉ်အဖြစ် လစဉ်လတိုင်း လကုန်နောက်ဆုံးရက် ဆေးခန်းပိတ်ရက်အား နေ့ချင်းပြန် ဆေးကုသမှုအဖြစ် ကုသိုလ်ဖြစ် ဆရာဝန်များနှင့် လက်တွဲ၍ အသင်းသား/သူများတို့မှ (အခမဲ့) လိုက်လံ၍ဝေဒနာရှင် အများပြည်သူအပေါင်းတို့၏ ကျန်းမာရေးအား တတ်စွမ်းသရွေ့ စောင့်ရှောက်ပေးဆပ်လျှက်ရှိပါကြောင်း စေတနာရှင် အလှူရှင်များတို့အား ဤဆောင်းပါးဖြင့် မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတော့သည်။

Leave a comment

Your email address will not be published. Required fields are marked *