အနာဂါတ်တွင် ထွန်းလင်းတောက်ပလာမည့် “သုခအလင်း”အဆောက်အဦး

ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ၂ဝဝ၁ ခုနှစ်မှစတင်၍ ပေးဆပ်လာခဲ့သည့် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့ ကြုံတွေ့နေရသော နာရေးဒုက္ခများအား ကူညီပေးခဲ့ရာမှ ၂ဝ၁ဝ ခုနှစ်တွင်ထပ်မံ၍ အနာဂါတ်၏ ရင်သွေးငယ်များအား ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ “သုခအလင်း” စာကြည့်တိုက်နှင့် “သုခအလင်း” ပညာဒါနအား စတင်ဖွင့်လှစ်ခဲ့သည်။

ပညာရေးလုပ်ငန်းရပ်ကြီးအား စတင်ချိန်တွင် ကလေးသူငယ်များအား အင်္ဂလိပ်စာ အရည်အသွေး မြင့်မားစေရန်နှင့် လိမ္မာယဉ်ကျေးရန် ရည်ရွယ်၍ နွေရာသီ အင်္ဂလိပ်စာအခြေခံနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများအား ဖွင့်လှစ်ခဲ့ရာမှ နောင်တွင်လိုအပ်ချက်အရ ကွန်ပျူတာသင်တန်း၊ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းများ၊ LCCI သင်တန်း အစရှိသည့်သင်တန်းများအား လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြစေရန် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်မှ စတင်၍ဘွဲ့ရပြီး လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူစွာ ရရှိစေရန်အတွက် သုခအလင်း ပညာဒါနမှ စေတနာ့လုပ်အားဒါန ဆရာ/မများတို့၏ မွန်မြတ်သည့် ပညာဒါနကုသိုလ်အဖြစ် ဖွင့်လှစ်သင်ကြားခဲ့သည့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။

ယင်း ဟိုတယ်ဝန်ဆောင်မှု သင်တန်းသို့ ဝင်ခွင့်စာမေးပွဲ အောင်မြင်မှသာ တက်ရောက်ခွင့်ရရှိပြီး စာတွေ့၊ လက်တွေ့နှင့် ဟိုတယ်ကြီးများသို့သွားရောက်၍ လက်တွေ့ကွင်းဆင်းပြီးမှ အရည်အချင်းစစ် စာမေးပွဲဖြေဆိုစေခဲ့ပြီး အောင်မြင်မှသာလျှင် သင်တန်းဆင်းလက်မှတ်များရရှိကြသည်။ သင်တန်း၏ အရည်အသွေးမြင့်မားမှု၊ ဆရာ/ဆရာမတို့၏ အရည်အချင်းပြည့်ဝ သည့် စေတနာ၊ မေတ္တာတရားနှင့် သင်ကြားမှု နည်းစနစ်များ မြင့်မားမှုတို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းမှ သင်တန်းဆင်းများတို့အား သက်ဆိုင်ရာ ဟိုတယ်အသီးသီးသည် လိုလိုလားလား အလုပ်ခန့်အပ်ခဲ့ကြသည်။ ယခုဆိုလျှင် သုခအလင်း ပညာဒါနမှ ဟိုတယ်ဝန်ဆောင်မှုသင်တန်း သုံးနှစ်တာ ကာလအတွင်း အမှတ်စဉ် (၇) ကြိမ်တိုင် ဖွင့်လှစ်ပို့ချပြီး သင်တန်းသား/သူ အမြောက်အများမွေးထုတ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့သည်။

၂၈.၉.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနမှ လူငယ်/ရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် ပညာရည်မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော ဟိုတယ်ဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၇) ၁/၂ဝ၁၃ သင်တန်းဆင်းပွဲ အခမ်းအနားတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။ စုစုပေါင်း သင်တန်းသား/သူ (၃ဝ) ဦးတက်ရောက်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် (၄) ဦးသည် ဆက်လက် မတက်ရောက်နိုင်ခဲ့ပေ။ တက်ရောက်သူ (၂၆) ဦးတို့သည် သင်တန်းကာလ ဆုံးခန်းတိုင် တက်ရောက်ခဲ့သည်။ ယခု အမှတ်စဉ် (၇) ၁/၂ဝ၁၃ ၏ ထူးခြားချက်မှာ သင်တန်းသား/သူ (၂၆) ဦးစလုံး ဖြေဆိုအောင်မြင်ခဲ့ပြီး Distinction (၈) ဦး၊ Credit (၅) ဦး မွေးဖွားနိုင်ခဲ့သည်။

ယခုဆိုလျှင် သင်တန်းသား/သူများအသီးသီး လုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နေကြပြီးဖြစ်သည်။ ထိုသည်ကား အလှူရှင်အပေါင်း၏ သဒ္ဓါစွမ်းအား၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုနှင့် ဆရာ/ဆရာမတို့၏ မေတ္တာ၊ ပညာ၊ စေတနာနှင့် သင်တန်းသား/သူတို့၏ ကြိုးစားမှု၊ ဝိရိယတို့၏ အပြန်အလှန်စုတည်၍ ရရှိလာသော အကျိုးကျေးဇူးများပင် ဖြစ်ပေသည်။ ၂ဝ၁၁ ခုနှစ်မှစ၍ ယခုတိုင် ဖွင့်လှစ်ခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဟိုတယ်ဝန်ဆောင်မှု သင်တန်းမှ သင်တန်းသား/သူ (၃၅ဝ) ဦးကျော်တို့အား မွေးထုတ်ပေးနိုင်ခဲ့ပြီး 64 Hotel, Summit Park View Hotel, Hotel Shwe Gone Daing, Royal Ruby Jade Hotel, Savoy Hotel, Sedona, Asia Plaza Hotel, USA Hotel Stuff, Green Leaf Hotel, Hotel Yangon, Chatrium Hotel, Edem Palace, Sky Star Hotel, Inya Lake Hotel, Beauty Land Hotel အစရှိသည့် ပြည်တွင်းဟိုတယ်များ၊ MSID Company ဒီဇိုင်နာအဖြစ်၄င်း၊ Car Showroom Manager, KBZ Bank, Online Service Manager, Superviser Service, FFSS 10th Student Guide အစရှိသည့် လုပ်ငန်းခွင်များနှင့် ပြည်ပနိုင်ငံများဖြစ်သည့် Dubie, Qatar တို့သွားရောက်၍ ယုံကြည်ချက်ကိုယ်စီဖြင့် လူငယ်များ၏ ဘဝတဆစ်ချိုး အပြောင်းအလဲ ကြုံကြိုက်ချိန်တွင် ပြည်တွင်းဟိုတယ်များတွင် သာမက ပြည်ပဟိုတယ်များအထိပါ သွားရောက်လုပ်ကိုင်နေသည့် အခွင့်အလမ်းများအား သင်တန်းနည်းပြ ဆရာ/မများနှင့် အလှူရှင်များ မုဒိတာပွားနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

ထို့အပြင် ၂ဝ၁၂ ခုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/သူများအတွက် စာသင်/စာကျက်ဝိုင်းအား ဖွင့်လှစ်သင်ကြားခဲ့ရာ ကျောင်းသား/သူ (၃ဝ) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၉) ဦးအောင်မြင်မှုရခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သား ပြင်ပဖြေ (၆ဝ) ဦးနှင့် ကျောင်းဖြေ (၆ဝ) ဦး စုစုပေါင်း (၁၂ဝ) ဦးတို့အားလက်ခံ၍ စေတနာ့ လုပ်အားဒါနရှင် ဆရာ/မများနှင့် စာသင်၊စာကျက် (Guide) များဖြင့် စနစ်ကျစွာဖြင့် လေ့ကျင့်သင်ကြား ပေးလျှက်ရှိသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ပညာရေးအတွက် အလေးထား၍ သင်တန်းများဖွင့်လှစ်ပေး ရုံမျှမက နယ်ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ/မများအား လစာငွေထောက်ပံ့ပေးခြင်း၊ အစိုးရကျောင်းများအား ပြုပြင်ဆောက်လုပ် လှူဒါန်းပေးခြင်းနှင့် ကိုယ်ထူကိုယ်ထ ပရဟိတကျောင်းများ၌ လိုအပ်လျှက်ရှိသော ဗလာစာအုပ်၊ စာရေးကိရိယာများနှင့်သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာများ စသည့်လိုအပ်ချက်များအား တတ်စွမ်းသရွေ့ ဖြည့်ဆည်းပံ့ပိုး ပေးလျှက်ရှိသည်။ ၁၂.၁ဝ.၂ဝ၁၃ ရက်နေ့တွင်လည်း စက္ကော့ကျေးရွာ၊ ညောင်တုန်းမြို့ရှိ အ.ထ.က ကျောင်း(ခွဲ)သို့ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ကွန်ပျူတာ (၁) စုံနှင့် Printer (၁) လုံး လှူဒါန်းပေးခဲ့သည်။

ယင်းကျောင်းသည် စာစီစာရိုက်ရန်နှင့် စာရွက်၊ စာတမ်းများPrint ထုတ်ရန်အတွက် တစ်ဖက်ကမ်းသို့ ကူးဖြတ်၍ အခက်အခဲများစွာ ကြုံတွေ့ရမှုအား နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အကူအညီ တောင်းခံလာသည့်အတွက် ပံ့ပိုးကူညီ လှူဒါန်ခြင်းဖြစ်သည်။ ယခုဆိုလျှင် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ပညာရေးသင်ယူနေကြသော လူငယ်/ရွယ်များ၊ သင်တန်းသား/သူ ဦးရေ များပြားလာခြင်း၊ အသင်း၏ သင်တန်းခန်းမများ၏ လိုအပ်ချက်များကြောင့် ယခု နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ပညာရေးအဆောက်အအုံ ဆောက်လုပ်လျှက်ရှိပြီး မကြာမှီအချိန်အတွင်း ပြီးစီးတော့မည်ဖြစ်ပေသည်။ ထို့ကြောင့် မိဘပြည်သူအပေါင်းတို့၏ သဒ္ဒါတရားဖြင့် ပညာရေးအဆောက်အဦးကြီး အမြန်ဆုံးပြီးစီး ဖွင့်လှစ်နိုင်ရန် အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူ၍ ပညာရေးကဏ္ဍကြီးအား မြင့်တင်ပေးဆပ်ရင်း အနာဂါတ်၏ လူငယ်/ရွယ်များ၏ ပညာရေးအား ဝိုင်းဝန်းကူညီ အားပေးစောင့်ရှောက်ကြပါစို့ဟု ဆန္ဒပြု ဖိတ်ခေါ်လိုက်ရပါတော့သည်။

Leave a comment

Your email address will not be published. Required fields are marked *