အစာအိမ်အူလမ်းကြောင်း အသည်းရောဂါ အထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ သုခကုသိုလ်ဖြစ်ဆေးခန်း၊ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co.,Ltd. မှ ကူညီထောက်ပံ့မည့် အစာအိမ်ရောဂါပိုး စရိတ်မျှပေး စမ်းသပ်မှုနှင့် ကုသမှုများ ပြုလုပ်ပေး

ယနေ့ နံနက်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် အစာအိမ်အူလမ်းကြောင်း အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး မှ ဦးဆောင်၍ Rotary Club of Central Yangon နှင့် Headway Myanmar Medical Co., Ltd. မှ ကူညီထောက်ပံ့ပေး၍ အစာအိမ်ရောဂါပိုး ရှိ/မရှိ အား စရိတ်မျှပေးကာ စမ်းသပ်မှုအား ပြုလုပ်ခဲ့ကြသည်။ အစာအိမ်ရောဂါလက္ခဏာများဖြစ်သည့် ဝမ်းဗိုက်နာ၊ ဗိုက်ကယ်၊မအီမသာ၊ အော့အန်ခြင်းတို့ကို မကြာခဏဆိုသလို (၆)လနှင့် အထက် ကြာမြှင့်စွာ ခံစားနေရသော လူနာများအား အစာအိမ်ရောဂါပိုး H.pylori ကူးစက်မှု လေမှုတ်စစ်ဆေးခြင်း(Urea Breath Test)ဖြင့် စမ်းသပ်ကုသပေးခဲ့ကြသည်။

ထိုသို့ လာရောက်စမ်းသပ်မှုခံယူခဲ့သော လူနာများ၏ စမ်းသပ်ခ ငွေကျပ်(၁၀,ဝ၀ဝ)အား Headway Myanmar Medical Co., Ltd. မှကုသိုလ်ဖြစ် စရိတ်မျှပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများကိုသုခကုသိုလ်ဖြစ်ဆေးခန်းမှ တစ်ပတ်စာ(၂)ကြိမ် အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။ ယခုစစ်ဆေးကုသခြင်းသည် အကျိုးသက်ရောက်မှုအနေဖြင့် အစာအိမ်ရောဂါပိုးကြောင့် ဘဝလူနေမှုအခက်အခဲနှင့် အလုပ်စွမ်းဆောင်ရည်နိမ့်ကျနေသူ ငယ်ရွယ်သူများအတွက် ရေတိုကာလအတွင်း ရောဂါလက္ခဏာသက်သာ၍ ဘဝနေထိုင်မှုတိုးတက်လာရုံသာမက ရေရှည်ကာလတွင်လည်း အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နှင့် အစာအိမ်အူလမ်းကြောင်း အသည်းရောဂါအထူးကုသမားတော် ဒေါက်တာသွင်မောင်အေး တို့တွေ့ဆုံကာ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

သတင်း/ဓါတ်ပုံ – ပြန်ကြားရေးဌာန

Leave a comment

Your email address will not be published. Required fields are marked *