တစ်ရာစွမ်းအားနှင့် “သုခ” မွေးဖွားခြင်း

နာရေးကူညီမှု အသင်း(ရန်ကုန်)သည် အများပြည်သူတို့၏ နာရေး ကိစ္စများသာမက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုပါ ၂ဝဝ၇ ခုနှစ်မှစတင်၍ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူ၍ ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် နေ့စဉ်လူနာပေါင်း (၂ဝဝ) ကျော်အား ကုသပေးနေရပြီ ဖြစ်လေသည်။ ထို့အပြင် ကျေးလက်မြို့နယ်များတွင်ရှိသောမိဘပြည်သူများ၏ ကျန်းမာရေးလုပ်ငန်းများ ပိုမိုစောင့်ရှောက်မှု ပေးနိုင်စေရန်အတွက် (၇) ရက်သားသမီးတို့၏ အလှူငွေများဖြင့် “သုခ” ကုသိုလ်ဖြစ်ဆေးခန်းခွဲများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီ ဖြစ်လေသည်။

ထို့အပြင် နယ်မြို့များတွင်ရှိသော ကိုယ်ထူကိုယ်ထ ဆေးခန်းငယ်လေးများအားလည်း လစဉ်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ငွေကြေးများထောက်ပံ့ ပေးလျှက်ရှိရာ ကျေးလက်နေမြို့နေ ပြည်သူများ များစွာအဆင်ပြေလျှက် ရှိပါတော့သည်။

ထို့အပြင် ယခုအခါ တဆင့်တက်၍ အမှတ် – ပဂ(၉၂)၊ ဂုဏ်တော် (၁) လမ်း၊ ဂုဏ်တော်ရပ်ကွက်၊ ပဲနွယ်ကုန်းမြို့နယ်ရှိ “တစ်ရာစွမ်းအား (HUNDRED POWER)” ကျန်းမာရေးနှင့် ပညာရေး အထောက်အကူပြုအဖွဲ့မှ ဦးစီးသည့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ “သုခ” ကုသိုလ်ဖြစ်ဆေးခန်း (ပဲနွယ်ကုန်း) ဖွင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူနှင့် ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အမှုဆောင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြပြီး ပဲနွယ်ကုန်းမြို့ “တစ်ရာစွမ်းအား (HUNDRED POWER)” ကျန်းမာရေးနှင့် ပညာရေး အထောက်အကူပြုအဖွဲ့မှ ဥက္ကဌနှင့် အသင်းသူ/သားများ၊ ပဲနွယ်ကုန်း တိုက်နယ်ဆရာဝန်ကြီးများ၊ သူနာပြု ဆရာကြီးများနှင့် မြို့နယ် မိဘပြည်သူများမှတခဲတနက် တက်ရောက်အားပေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ ဥက္ကဌဦးကျော်သူနှင့် ဒု-ဥက္ကဌဒေါ်သန်းမြင့်အောင်တို့မှ အမှာစကား အသီးသီးပြောကြားပေးခဲ့ကြပြီး “သုခ” ကုသိုလ်ဖြစ်ဆေးခန်း (ပဲနွယ်ကုန်း)နှင့် “တစ်ရာစွမ်းအား (HUNDRED POWER)” ကျန်းမာရေးနှင့် ပညာရေး အထောက်အကူပြု အဖွဲ့မှ ဥက္ကဌနှင့်တာဝန်ခံ ဆရာဝန်ကြီး၊ တိုက်နယ်ဆရာဝန်ကြီးတို့မှ အသီးသီးဖွင့်ပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီးနောက် ဥက္ကဌ ဦးကျော်သူနှင့်အဖွဲ့သည် ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

ယခုဆိုလျှင် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ “သုခ” ဆေးခန်းအနေဖြင့် ဆေးခန်းစုစုပေါင်း (၅) ခုရှိခဲ့ပြီဖြစ်ရာ မိဘပြည်သူ ညီအစ်ကိုမောင်နှမများ၏ ကျန်းမာရေးအား အထူးဆောင်ရွက်နေပြီဖြစ်သည်။ ထပ်မံ၍လည်း အများပြည်သူကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းစဉ်၏ လိုအပ်ချက်အရ “သုခ” ကုသိုလ်ဖြစ်ဆေးခန်းခွဲများ ထပ်မံဖွင့်လှစ်မွေးဖွား ပေါ်ထွန်းလာဦးမည်ဖြစ်သည်။ ဤသည်ကား အလှူရှင်အပေါင်းတို့၏ သဒ္ဒါတရား၊ အသင်းသူ/သားတို့၏ ရိုးသားမှု၊ ဇွဲလုံ့လဝီရိယ စိုက်ထုတ်ကြိုးပမ်းမှု၊ သီလလုံမှု၊ သစ္စာစောင့်သိမှုတို့အပြင်၊ နယ်ခံ၊ ဒေသခံတို့၏ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ အနစ်နာ ဟူသော နာလေးနာနှင့် ဗြဟ္မစိုရ်တရားလေးပါးတို့အပေါ်တွင် မှီတင်းနေပါတော့သည်။ ပဲနွယ်ကုန်းမြို့မှ အပြန်ခရီးတွင် ဒိုက်ဦးမြို့သုဿန်ရှိ မီးသဂြိုလ်စက်ဆာက်လုပ်မည့် မြေနေရာအား သွားရောက်လေ့လာကြည့်ရှုကာ ဒိုက်ဦးမြို့သုဿန်မှ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ ထွက်ခွာခဲ့ပါတော့သည်။

Leave a comment

Your email address will not be published. Required fields are marked *