အနာဂါတ်သားကောင်းများဖြစ်အောင် ပညာရေးမြှင့်တင်ပေးကြပါစို့

အသီးတစ်ရာ…အညှာတစ်ခု ခေါင်းလောင်းသံ တစ်ညံညံပေးလို့ …ရွာကျောင်းကို ပြေးမြင်မိရင်သတိရနေတယ် သူငယ်ချင်းရေ… ဆိုတဲ့ အဆိုတော်ကြီး တွံ့တေးသိန်းတန် သီဆိုခဲ့တဲ့ သီချင်းလေးထဲကလို ကျေးလက်စာသင်ကျောင်းလေးများရဲ့ ကျောင်းသားဘဝ လွမ်းမောဖွယ်၊ သာယာဖွယ်၊ ကြည်နူးဖွယ်ရာများနဲ့ အမိုးအကာလုံလောက်မှုမရှိတဲ့ ကြားက လူရည်ချွန် ပညာတတ်များ ထွက်ပေါ်လာအောင် မွေးထုတ်ပေးခဲ့တဲ့ စာသင်ကျောင်းလေးတွေကို ပြေးမြင်ယောင်မိပါသည် ။

တကယ်တော့ကျေးလက်စာသင်ကျောင်းတွေသည် မြို့ကြီးပြကြီးများကဲ့သို့ တောင့်တင်းခိုင်မာသော လုံခြုံအေးချမ်းသော အဆောက်အဦးများ မရှိခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်ကောင်းများအား မွေးထုတ်ပေးနိုင်ခဲ့သည်မှာ ထိုကျေးလက်စာသင်ကျောင်းများမှပဲဖြစ်သည်။ ဒါ့ကြောင့် ယိုင်နဲ့ပျက်စီးလျှက်ရှိသော စာသင်ကျောင်းလေးများကို တတ်နိုင်သလောက် ဆောက်လုပ်လှူဒါန်းပေးသွားရမည် ဖြစ်ပါသည်… စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းရခြင်း၏ အကျိုးသည် အင်မတန်မှ မွန်မြတ်လှသကဲ့သို့ အနာဂတ်တိုင်းပြည်အတွက် စွမ်းဆောင်ပေးနိုင်မည့် နိုင်ငံ့သားကောင်းရတနာများအား ပျိုးထောင်ပေးရာလည်းရောက်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် (၂၀၁၃)ခုနှစ်တွင် ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စုတွင် အစိုးရစာသင်ကျောင်းအား ကူညီထောက်ပံ့ပေးမှု ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ငွေအင်းကြီးအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် အစိုးရစာသင်ကျောင်းအား ကူညီထောက်ပံ့ပေးမှု ။ (၂၀၁၄)ခုနှစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ သာမညကျေးရွာတွင် အခြေခံမူလတန်းလွန် အစိုးရစာသင်ကျောင်းအား ဆောက်လုပ်လှူဒါန်းပေးမှု၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အကြီးဝကျေးရွာ၊ ကျုံကူကျေးရွာအုပ်စု၊ ပညာဒီပ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအားဆောက်လုပ် လှူဒါန်း ပေးမှု၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် မဲဇလီကုန်းကျေးရွာ ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အား ဆောက်လုပ်လှူဒါန်းပေးမှု များနှင့် (၂၀၁၅)ခုနှစ်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိ်ုင် ပေါက်မြို့နယ် သမားတော်ကျေးရွာအုပ်စု ကုက္ကိုစုကျေးရွာမှ အခြေခံပညာအလယ်တန်း ကျောင်းခွဲ အား ဆောက်လုပ် လှူဒါန်းပေးခဲ့ပြီးဖြစ်ပါသည်။ ။

ထိုသို့ လှူဒါန်းခဲ့ပြီးနောက်တွင် အနယ်နယ်အရပ်ရပ်မှ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းပေးရန် အကူအညီတောင်းခံလွှာများကြောင့် ထပ်မံ၍ လှူဒါန်းသွားရန် ကြိုးစားရပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှကူညီပေးနိုင်ရန် သွားရောက်လေ့လာရာတွင် အခုကဲ့သို့ ရာသီဥတု၏ ဖောက်ပြန်မှုကြောင့် မိုးများရွာပါက ရေကြီးရေလျှံမှုများ၊ လျှပ်စစ်မီးမရရှိသေးပဲ လမ်းပန်းဆက်သွယ်ရေး အင်မတန်မှ ခက်ခဲနေကြပြီး ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းကျောင်းများ နှင့် တစ်ချို့သော စာသင်ကျောင်းများမှာ ဆွေးမြေ့နေပြီဖြစ်သော မျက်နှာကြက်များ ၊ ပြိုကျလု နီးပါး ဖြစ်နေသော အဆောက်အဦးများထဲတွင် စာသင်နေကြရပြီး အခြေအနေ ဆိုးများကြားတွင် “ဘယ်အချိန်ပြိုကျလာမလဲ” ဟုရင်တမမ ဖြင့် စာသင်ကြားနေကြရသော ကလေးငယ်များ၏ ဒုက္ခအား ကူညီပေးနိ်ုင်ရန် ရည်ရွယ်၍ ကူညီမှု လိုအပ်လျှက်ရှိသော စာသင်ကျောင်း(၃)ကျောင်းအား ဆောက်လုပ် လှူဒါန်းရန်အတွက် အလှူရှင်များအား ပူးပေါင်းပါဝင် လှူဒါန်း နိုင်ရန် အသိပေးလိုပါသည်။

အကူအညီလိုအပ်နေသည့် ကျောင်းများဖြစ်သော –

(၁) ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် နဘဲပင်ကျေးရွာ ရှိ အခြေခံမူလတန်းလွန်ကျောင်း ။

(၂) ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ နဘဲပင်ကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ ရှိ ကိုယ်ထူကိုယ်ထ အခြေခံမူလတန်းကျောင်း ။

(၃) ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အစရှိသော စာသင်ကျောင်းများအား ယခုနှစ်ကျောင်းဖွင့်ရာသီတွင် ကလေးငယ်လေးများ သက်သောင့်သက်သာဖြင့် ပညာသင်ကြားနိုင်ရန် အတွက်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ပါသောကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူအလှူရှင်များကလည်းပူးပေါင်းပြီး လှူဒါန်းသွားကြရန် ဖိတ်ခေါ် တိုက်တွန်း လိုက်ပါသည် ။ ဆက်သွယ်လှူဒါန်းလိုပါက – နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ အလှူခံဌာန ဖုန်း- ဝ၉ ၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဖြိုးဖြိုး(FFSS)

Leave a comment

Your email address will not be published. Required fields are marked *