ဘုရားအသက်နှင့်လူကို ကယ်တင်ခြင်း

၂၅.၁ဝ.၂ဝ၁၃ ရက်နေ့ သောကြာနေ့ နံနက် (၉းဝဝ)နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူသည် အလုပ်အမှုဆောင် အစည်းအဝေး လုပ်နေစဉ်အတွင်း ဦးကျော်သူထံသို့ တယ်လီဖုန်း ဝင်လာခဲ့သည်။

အမည်မှာ မဇာလီဝင်းနှင့် မသန္တာဟု သိရှိရပြီး အလုံသစ်တောဝင်းရှိ မီးကင်းထဲတွင် အမည်မသိ အမျိုးသားတစ်ဦး သတိလစ် လဲကျနေသောကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ကူညီပေးနိုင်ရန် ဆက်သွယ်ခြင်းဖြစ်သည်။

ထိုအခါ ဦးကျော်သူမှ သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ဦးစွာအကြောင်းကြားထားပေးရန် ပြန်လည်ဖြေကြားသောအခါ ၄င်းတို့မှ ရပ်ကွက်ရုံးကိုလည်း သွားပြီးပါပြီ ရပ်ကွက်ရုံးမှလည်း ဘယ်သူမှ လိုက်မလာဘူး မိုးတွေကလည်း အရမ်းရွာနေတယ်၊ လူနာကလည်း အညစ်အကြေးတွေ၊ ဆီး၊ ဝမ်းများ မနိုင်၍ ပေကျံနေတယ်၊ လူတွေကလည်း ဝိုင်းအုံနေတယ်။ ဒါ့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)အနေနဲ့ အမြန်ဆုံး ကူညီပေးစေချင်ပါကြောင်း အကူအညီ တောင်းခံခဲ့သည်။

ထိုအခါ ဦးကျော်သူမှ လူနာကိုဆေးရုံသို့လိုက်ပါ ပို့ဆောင် ကူညီနိုင်ရန်အတွက် လူတစ်ဦးနှင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦး လိုက်ပါရန် လိုအပ်သဖြင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူတစ်ဦး လိုက်မလာပါက ထိုကိစ္စအား နေပြည်တော်ထိ စာတင်မည်ဟု ပြန်ပြောခိုင်းလိုက်သည်။ ထို့နောက် ရပ်ကွက်ရုံးမှ တာဝန်ရှိသူများမှ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးကျော်သူအား ပြန်လည်၍ တယ်လီဖုန်းဖြင့် မဇာလီဝင်းနှင့် မသန္တာတို့မှ ထပ်မံအကြောင်းကြားလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ တာဝန်ကျ အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ဇော်၊ ဦးရဲလင်းမြင့်၊ ဦးမိုးယံကိုနှင့် မလင်းလင်းခိုင်တို့သည် လူနာတင်ယာဉ်ဖြင့် အဆိုပါနေရာသို့ အမြန်ဆုံးထွက်ခွာခဲ့ကြကာ မေ့မျောနေသော လူနာအားဖေးမကူညီ၍ ရန်ကုန်မြို့ရှိ အနောက်ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပါသည်။

ထိုနေရာမှ မထွက်ခွာမှီ ၄င်းရပ်ကွက်အတွင်းရှိ အမျိုးသမီးတစ်ဦးမှ လူနာသယ်ဆောင်ပေးခအတွက် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များလက်ထဲသို့ ပိုက်ဆံများပေးခဲ့ရာ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးမှ “ကျွန်တော်တို့အသင်းက အားလုံး အခမဲ့ ကူညီတာပါခင်ဗျာ ငွေကြေးတစ်စုံတစ်ရာ ပေးရန်လုံးဝ မလိုပါဘူးခင်ဗျာ” ဟု ပြန်ပြောလိုက်သည့်အခါ အနီးဝန်းကျင်ရှိ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားနှင့် လူနာတင်ယာဉ်အား ငေးကြည့်ရင်း ကျန်ခဲ့ပါတော့သည်။ အနောက်ပိုင်းဆေးရုံကြီးသို့ လူနာတင်ယာဉ် ဝင်ရောက်သွားသည့် အချိန်တွင်လည်း ဆေးရုံမှ ဆရာဝန်/ ဆရာဝန်မကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဝန်ထမ်းအားလုံးတို့မှာ ပြာပြာသလဲဖြင့် လူနာအား ဝိုင်းဝန်းဂရုစိုက် စမ်းသပ်ကာ လိုအပ်သည့် ကုသမှုများကို အချိန်မဆိုင်းဘဲ ဝိုင်းဝန်းကုသ ပေးကြပါတော့သည်။

လူနာအား စမ်းသပ်ရာတွင် သွေးပေါင်ချိန်သည် အလွန်နည်းကာ အခြေအနေမှာ လုံးဝဆိုးရွားနေပြီး ဆရာဝန်မလေးများ၏ ဆေးသွင်းခြင်းနှင့် လိုအပ်သောကုသမှုများကို စေတနာဖြင့် ဝိုင်းဝန်းကုသပေးမှုကြောင့်လူနာမှာ ချက်ခြင်းပင် မျက်လုံးဖွင့်ကာ စကားပြောနိုင်လာခဲ့သည်။ ထို့နောက် သူနာပြုဆရာမတစ်ဦးမှ လူနာအား နာမည်မေးရာ ၄င်း၏ အမည်မှာ ???? ။ အသက်ဘယ်လောက်ရှိပြီလဲဟုမေးရာတွင် “ကျွန်တော့်ရဲ့အသက်က ….. ဘုရားအသက်” ဟူ၍ ပြန်လည်ဖြေကြားခဲ့သည်။ နောင်မှသိရသည်မှာ ထိုသူမှာ စိတ်ဝေဒနာရှင်တစ်ဦး ဖြစ်နေပြီး နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ စေတနာနှင့် အနစ်နာခံပေးဆပ်မှု၊ ရန်ကုန်အနောက်ပိုင်း ဆေးရုံမှ Dr.မေလင်းထွန်းနှင့် ဆရာဝန်/ဆရာဝန်မများ သူနာပြုဆရာမများ၏ လူသားချင်းစာနာမှု၊ ကရုဏာထားမှု၊ တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား ပေးခဲ့သော တာဝန်သိ ပြည်သူနှစ်ဦးဖြစ်သော မဇာလီဝင်းနှင့် မသန္တာ တို့၏ မေတ္တာတရား တို့ကြောင့် အတိတ်မေ့နေသူတစ်ဦး၊ ရာဇဝင်မဲ့နေသော လူနာတစ်ဦး၊ စိတ်ဝေဒနာရှင်တစ်ဦး၊ ဘုရားအသက်နှင့်ဆိုသောသူတစ်ဦးအား သေခြင်းတရားထံမှ မိနစ်ပိုင်းအတွင်းတွင် ကယ်တင်ခွင့်ရရှိခဲ့သည်။

ထို့ကြောင့် ဘုရားအသက်နှင့်လူကိုယ်စား သက်ဆိုင်သူများအားလုံး နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုလိုက်ရပါတော့သည်။ ထို့နောက် အနောက်ပိုင်းဆေးရုံမှ လူနာအားကယ်တင်အပြီးတွင် နောက်ထပ် တယ်လီဖုန်းတစ်ခုထပ်ဝင် လာခဲ့တော့သည်။ လူနာအမည်မှာ ဒေါ်သန်းကြည်ဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးမှ လှိုင်သာယာရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ဖြစ်သဖြင့် တစ်ဆက်တည်းမှာပင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အနောက်ပိုင်းဆေးရုံမှ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးရှိရာသို့ ချီတက်ခဲ့ကြပါတော့သည်။ လူနာကို တွေ့လျှင်တွေ့ခြင်း များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတော့သည်။ လူနာမှာ လှိုင်သာယာမြို့ရှိ အခြေခံလူတန်းစားများသာ နေထိုင်သော ရပ်ကွက်တစ်ခုတွင် တဲအိမ်ကလေးဖြင့် နေထိုင်ရပြီး အိမ်သာမရှိသဖြင့် အပေါ့အလေး သွားရန်အတွက် ဝါးကြမ်းခင်းအား အပေါက်ဖောက်ကာ အပေါ့အလေးသွားနေရသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်က ညအချိန်မတော် အပေါ့အလေးသွားနေစဉ် ကြမ်းပေါက်မှ ကျွံကျကာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ဦးနှောက်နှင့် အာရုံကြောဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရောဂါအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသည့်အပြင် ဝမ်းဗိုက်မှာ ဖောင်းလာသည့်အတွက် ဆရာဝန်မှ ဓါတ်မှန်ရိုက်ရန် ညွှန်ကြားခဲ့သည်။

ဓါတ်မှန်ရိုက်ရန်အတွက် ကုန်ကျငွေကျပ် (လေးသောင်း)အား မတတ်နိုင်သည်ကတစ်ကြောင်း၊ ဆရာဝန်မှလည်း လက်ရှိ ဝယ်ယူထားသော ဆေးများအားဆက်လက် တိုက်ကျွေးရန် ညွှန်ကြားသဖြင့် ဆရာဝန်ကြီးအား ခွင့်တောင်းကာ ဆေးရုံမှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ လူနာ၏ အိမ်သို့ရောက်သည်အချိန်တွင် လူနာအား အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ခက်ခဲစွာသယ်မ၍ နေအိမ်ပေါ်သို့ တင်ပေးခဲ့ရသည်။ ထို့အပြင် လူနာမှာ အောက်ဆီဂျင် ရှုရန်လိုအပ်သဖြင့် အရေးပေါ် လူနာတင်ယာဉ်ပေါ်မှ အောက်ဆီဂျင်အိုးအား ဖြုတ်ယူကာ လူနာအား ငှားရမ်းပေးခဲ့သည်။ ထို့နောက် လူနာ၏ မိသားစုဝင်များအား အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ အားပေးစကားပြောကြားခဲ့ပြီးနောက် အဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများအား ထောက်ပံ့ပေးခဲ့သလို ထပ်မံ၍ အကူအညီလိုအပ်ပါကလည်း တောင်းခံနိုင်ရန် ကူညီပေးခဲ့သည်။

ထို့ကြောင့် တစ်နေ့တည်းတွင် အထက်ပါလူနာနှစ်ဦးအား အသက်ကယ်တင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်သည်။ ထိုသို့ကူညီနိုင်ခြင်းမှာ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ စဉ်ဆက်မပြတ်လှူဒါန်းကြသော အလှူရှင်များ၏ သဒ္ဒါတရား၊ လူနာတင်ယာဉ်များ လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ တန်ဖိုးမဖြတ်နိုင်သော ကုသိုလ်တရား၊ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ စေတနာ၊ အကြင်နာ၊ ကရုဏာများအပြင် သက်ဆိုင်ရာဆေးရုံများမှ ပြည်သူ့ဝန်ကို ထမ်းခဲ့ကြသော ဆရာဝန်/ဆရာဝန်မကြီးများ သူနာပြု ဆရာမကြီးများနှင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ လူမှုရေးသမားများ၏ စစ်မှန်သော လူမှုရေးစိတ်ဓါတ်များကြောင့်သာ ဖြစ်ပါကြောင်း။

Leave a comment

Your email address will not be published. Required fields are marked *