အရေးပေါ်တပ်လှန့်သံ

နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ဦးဆောင်သော သဘာဝဘေးနှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီပေးနိုင်ရန်နှင့် ရန်ကုန်မြို့တွင်း အရေးပေါ် ထိခိုက် ဒါဏ်ရာရရှိမှုများ၊ ကားအက်ဆီးဒင့်များနှင့် ရေဘေး၊ လေဘေး၊ မီးဘေး အန္တရာယ်များ ကျရောက်လာခဲ့ပါက လျှင်မြန်ထိရောက်စွာ

ကူညီမှုပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ကြပြီဖြစ်သလို ယခုအခါတွင်လည်း လူနာတင်ယာဉ် (၄) စီးဖြင့် မိဘပြည်သူတို့၏ အရေးပေါ် ကျန်းမာရေး ထိခိုက်မှုများကို နေအိမ်များမှ ဆေးရုံသို့၄င်း၊ လုပ်ငန်းခွင်များမှ သက်ဆိုင်ရာ အစိုးရဆေးရုံ များသို့၄င်း၊ မီးဘေးအန္တရာယ်ကျရောက်ရာ နေရာသို့၄င်း သွားရောက် ကူညီဖေးမပေးခဲ့ကြသည်။

ယခုအခါ နယ်မြေဒေသအချို့တွင် ရေဘေးအန္တရာယ်များကျရောက် နေသလို ယခုမီးလောင်မှုသတင်းများလည်း ကြားသိနေရပြီဖြစ်သည့်အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့သည်လည်း အထူးသတိ ဝီရိယထားကာ အချိန်မှီ ကူညီကယ်ဆယ်မှုများ ပေးနိုင်ရန်အတွက် အသင့်အနေ အထားဖြင့် “တပ်လှန့်” နေရပြီ ဖြစ်လေသည်။ ထိုကဲ့သို့ အသင့်အနေထားဖြင့် စောင့်ကြည့်နေဆဲမှာပင် ယမန်နေ့ (၂.၈.၂ဝ၁၃) ရက်နေ့ ည (၁ဝးဝဝ) နာရီခန့်တွင် မီးသတ်ယာဉ်များ၏ ဥသြဆွဲသံကို ကြားသိရသဖြင့် မီးသတ်ဌာနသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မီးလောင်သည့်နေရာတွင် ထိခိုက်ဒါဏ်ရာရရှိကြသော မိဘပြည်သူအပေါင်းအား ကူညီပေးနိုင်ရန် လှိုင်သာယာမြို့၊ ရွှေလင်ဗန်းစက်မှုဇုံရှိ မီးလောင်ကျွမ်းခံနေရသောစက်ရုံသို့ သွားရောက်ခဲ့ကြသည်။

အဆိုပါစက်ရုံ မီးလောင်မှုတွင် မီးခိုးမွှန်၍ သတိလစ်လုနီးပါး ဝေဒနာခံစားနေရသော မီးသတ်ရဲဘော်တစ်ဦးအား မီးလောင်ပြင်မှ လှိုင်သာယာပြည်သူ့ဆေးရုံသို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဒေသခံကြက်ခြေနီအဖွဲ့နှင့် ပူးပေါင်းကာ အသင်း၏ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့တော့သည်။ ထိခိုက်မှုအန္တရာယ် စိတ်ချရသော အခြေအနေကြောင့် နံနက် (ဝ၁းဝဝ) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်ရှိရာသို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များ ပြန်လည်ရောက်ရှိခဲ့တော့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ အနေဖြင့် မိဘပြည်သူတို့၏ ဘေးအန္တရာယ် အခက်အခဲများကို ကူညီမှုပြုရန် အသင့်အနေအထားဖြင့် ရှိနေသလို မိဘပြည်သူအပေါင်းတို့ အနေဖြင့်လည်း မိမိတို့၏ ပါတ်ဝန်းကျင်တွင် မီးဘေး၊ ရေဘေးနှင့် ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာလျှင် လူနာတင်ယာဉ်လိုအပ်လာပါက နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ဖုန်း (ဝ၉ – ၃၁၃ ၃၃၂ ၇၃) သို့ ဆက်သွယ်နိုင်ကြပါကြောင်း “တပ်လှန့်” နှိုးဆော်အပ်ပါသည်။

Leave a comment

Your email address will not be published. Required fields are marked *