တက်ကြွလှုပ်ရှားနိုင်ငံသား

နံနက်စောစောတွင် သုခခန်းမဆောင်၌ အလုပ်ရှုပ်နေကြသည်။ သင်တန်းတစ်ခုရှိနေသည်မှာ သေချာသည်။ ဘာသင်တန်းလဲလို့ မေးနေသည့်အသံများလဲ ကြားနေရသည်။ ခန်းမအတွင်းသို့ စာရေးစားပွဲများ ရွှေ့ပြောင်း သယ်ယူနေကြသော လုပ်အားပေးလူငယ်၊ မောင်မယ်များသည် “Active Citizen Training Course” ဟု ပြန်ဖြေသံကြားခဲ့သည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ထိုသင်တန်း ဘယ်လို ဆက်စပ်မှုရှိမလဲဟု တွေးနေသူများလဲ ရှိကောင်းရှိနေပေဦးမည်။ ပြည်သူလူထုကို ဝန်ဆောင်မှုဖြင့် ပေးဆပ်နေသော ထိုအသင်းကြီးနှင့် ဤသင်တန်းမျိုးမှာ ခေါင်းနှင့်ပန်းလို ခွဲခြား၍မရပေ။

Active Citizen Training အား ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ အထိ (၃) ရက်ခန့် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ဖွင့်လှစ်ပို့ချခဲ့သည်။ သို့သော် လုပ်အားပေး စေတနာ့လူငယ်မောင်မယ်တိုင်း တက်ရောက်ခွင့်မရခဲ့။ သို့သော် လေ့လာခွင့်ရခဲ့သည်။ အသက် (၁၈) နှစ်မှ (၂၆) နှစ်အတွင်းဟု သတ်မှတ်ထားရှိပြီး လူငယ် (၂၅) ဦးကိုသာ ရွေးချယ်တက်ရောက်စေခဲ့သည်။ ယင်းလူငယ် (၂၅) ယောက်သည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ကျင်းပမည့် လူငယ်များနှင့်ဆိုင်ရာ Forum တစ်ခုကို တက်ရောက်ကြရပေမည်။ အများအကျိုးရှေ့ရှုကာ လက်တွဲလုပ်ဆောင်နေသော လူငယ်များကြားတွင် ဝင်ရောက်ဆွေးနွေးကြရမည်။ ပွဲမဝင်ခင် လေ့ကျင့်ကြရမည်။ ထိုသို့ လေ့ကျင့်ခြင်းက ယိမ်းတိုက်ခြင်းမျိုးမဟုတ်။ လိုအပ်သည်များ အကြားအလယ်မရှိအောင် ဆွေးနွေးကြခြင်းမျိုးသာဖြစ်သည်။

(၃) ရက်တာအတွင်း ဖြစ်သင့်၊ ပြုသင့်၊ ပြောင်းသင့်၊ ယူသင့်သည့် အတွေ့အကြုံ ဗဟုသုတ ပညာရပ်များစွာ ရရှိခဲ့သည်။ သင်တန်း ပထမရက်ဖြစ်သည့် ၁၆.၁ဝ.၂ဝ၁၃ ရက်နေ့တွင် မိမိသည် ဘာဖြစ်သည်ကို သေချာစွာ နားလည်သိရှိအောင် Training ပေးသည်။ တစ်နည်းဆိုသော် မိမိ Ideality ကိုပြောင်မြောက်အောင် လေ့ကျင့်ပေးခြင်းဖြစ်သည်။ ဂိမ်းများဆော့၍ ပညာတွေမျှဝေပေးခြင်း၊ အုပ်စုဖွဲ့၍ Team Work ပြုလုပ်စေ ခြင်းတို့ဖြင့် အရည်အချင်းများ ဖြည့်ဆည်းပေးခဲ့သည်။ လူငယ်များ မိမိတို့ ထင်မြင်ယူဆချက်၊ လက်ခံမှု၊ ယုံကြည်မှုများကို ရဲရဲတင်းတင်း ပြောဆိုစေသည်။ ပထမနေ့ရက်တွင် အချင်းချင်းရင်းနှီးမှု အားနည်းနေသေး၍ ပွင့်လင်းမှုလည်း နည်းသေးသည်။ ဒုတိယနေ့ ၁၇.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ပို၍ ရင်းနှီးလာပြီး ပွင့်ပွင့်လင်းလင်း ရှိခဲ့ကြသည်။ ယုံကြည်မှုများလည်း တိုးစေခဲ့သည်။ မိမိ၏ ရင်တွင်းခံစားချက်များကို စဉ်းစားဆုံးဖြတ်ရာတွင် မည်သည့်အချက်များ ပါဝင်ရမည်ကို သိခဲ့ရသည်။ နှလုံးသားနှင့်ခံစား၊ ဦးနှောက်နှင့် ဆုံးဖြတ်၍ ခြေထောက်က ဘာလုပ်ရမည်ကို သိရမည်ဟူသော သာဓကနှင့် ကစားခဲ့သော ဂိမ်းတစ်ခုသည် အချင်းချင်း ယုံကြည်မှုတိုးစေ၍ နှလုံးသားချင်း ထပ်တူခံစားပေးခဲ့ကြသည်။ လူထုနှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများ၌ ထားရှိရမည့် စိတ်နေသဘောထား၊ အပြုအမှုများနှင့် အတွေ့အကြုံများ ဦးဆောင်၍ သင်ကြားပေးသော ဆရာမ ဒေါ်သန်းသန်းစိုး (British Council) နှင့် Trainer ညီအစ်ကို မောင်နှမများဖြစ်သော မောင်ဘုန်းတင့်နိုင်၊ မောင်ရှိုင်းကိုကို၊ မောင်ကျော်ဇင်ထွန်း၊ မသိမ့်ရတနာဇော်၊ မအေးပြည့်ပြည့်ဖြိုးတို့မှ ဆွေးနွေးပေးခဲ့သည်။ ဖြစ်တတ်သော ပြဿနာများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို တစ်ဦးချင်းလိုက်၊ အဖွဲ့လိုက် ဆွေးနွေးခဲ့ကြသည်။ ပြတ်သားသော၊ ပွင့်လင်းသော Citizen များအဖြစ်သို့ ရည်ရွယ်ပါသည်။ လူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံရာတွင် မြင်သာ၊ ထင်သာသော အပိုင်းကဏ္ဍများဖြင့် မပေါင်းဘက်ရဘဲ မမြင်နိုင်သော ကဏ္ဍများကိုပါ သိရှိအောင် ကြိုးစားရမည်ကိုလည်း Training ပေးခဲ့သည်။

လူတစ်ဦးနှင့်တစ်ဦး တန်ဖိုးထားခြင်းများ ကွာခြားသလို ခံယူချက်များလည်း ကွာခြားသည်ကို သိခွင့်ရခဲ့သလို ထိုတစ်ပါးသူ၏ သဘောထားများကို ကိုယ်တိုင်က မည်သို့နားလည်ပေးရမလဲ၊ မည်သို့ လေးစားပေးရမလဲ အစရှိသည်များ သိခွင့်ရခဲ့သည်။ ယခုဖြစ်ပွားနေသော ပဋိပက္ခများ၏ အရင်းအမြစ်မှာ မိမိသဘောထားနှင့် တစ်ပါးသူ၏ သဘောထားကို လက်ခံပေးနိုင်စွမ်း၊ ယုံကြည်နိုင်စွမ်း အားနည်းနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ Active Citizen များမှ မိမိသဘောထားများကို လက်ခံယုံကြည်ကာ မိမိတိုင်းပြည် ယခုထက်မက ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးမည်ဟူသည့် သတိတစ်ခုကို ထို Training မှ ပေးခဲ့ပြီ။ တတိယနေ့ဖြစ်သော ၁၈.၁ဝ.၂ဝ၁၃ ရက်နေ့တွင် ပြုပြင်ပြောင်လဲရေး အစီအစဉ်များကို ရေးဆွဲစေခဲ့သည်။ အလားတူပင် ပထမနေ့ကတည်းက အဖွဲ့အစည်းတစ်ခုအတွက် ရှိရမည်ဖြစ်သော စည်းကမ်း မူဝါဒများနှင့် လက်ခံယုံကြည်မှု၊ အသင်းပြိုကွဲသွားစေသော ပြဿနာအကြီးအသေးများကို အုပ်စုဖွဲ့စဉ်းစား စေကာ Expectation Tree ဟုအမည်ပေးပြီး ပုံဖော်စေခဲ့သည်။

ထို သစ်ပင်လိုမျိုးပင် နောက်ဆုံး Training နေ့တွင် စဉ်းစားခဲ့ကြသော ပြုပြင်ပြောင်းလဲရေးသည်လည်း တစ်တပ်တစ်အား ကူညီရာရောက်ခဲ့သည်။ ပြဿနာများနှင့် အခက်အခဲများကိုပေးပြီး တစ်ဦးချင်းစီ ပြောင်းလဲရမည်။ အုပ်စုလိုက် ပြောင်းလဲရမည်ကို စဉ်းစားစေခြင်းက နောင်မကြာမီအချိန်တွင် Active Citizen တို့ဖြင့် ပြုပြင်ပြောင်းလဲလိုက်သော ကဏ္ဍများအဖြစ် ရုပ်လုံးကြွလာမည်မှာ အမှန်ပင်ဖြစ်သည်။ System တစ်ခုချမှတ်ရသည်မှာ ခက်ခဲသလို ထို System တစ်ခုချို့ယွင်းသွားလျှင် မပြိုကွဲ မပျက်စီးစေရန် ဆောင်ရွက်ချက်များဖြင့် ဂိမ်းကစား၍ ဆွေးနွေးခဲ့သည်။ မိမိ အသိုက်အဝန်း၊ အဖွဲ့အစည်း မပြိုကွဲ မပျက်စီးစေရေးအတွက် စည်းလုံးခြင်းသော်လည်းကောင်း၊ အခက်အခဲများကျော်ဖြတ်ရာတွင် Critical Thinking လိုအပ်သည်များအား၄င်း ဂိမ်းများဖန်တီး၍ ဆွေးနွေးခဲ့ကြသည်။

အဖွဲ့အစည်း တစ်ခုအတွင်းမှ လူငယ်မောင်မယ်များသာမက မည်သူမဆိုထားရှိ၊ သိသင့်သော စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ ကိုယ်ချင်းစာနာစိတ်များကို လေ့ကျင့်ပေးခဲ့သော Active Citizen Training သို့ တက်ရောက်ခွင့်ရခဲ့သော လူငယ်များ၊ လေ့လာခွင့်ရခဲ့သော မောင်မယ်များနှင့် မျှဝေခွင့်ရှိခဲ့သောသူများ အားလုံးအတွက် အကျိုးထူးစေခဲ့သည်။ Active Citizen Training အား British Council မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ကမ္ဘာတစ်လွှားတွင် ၄င်းသင်တန်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် နိုင်ငံတော်အတွက် မိမိအသိုက်အဝန်း အဖွဲ့အစည်းအတွက် မည်သို့တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲတိုးတက်အောင် ကူညီဆောင်ရွက်ပေးမည်ကို လူငယ်များကြား ပျံ့နှံ့စေသည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ စေတနာရှင် လုပ်အားပေးလူငယ်များနှင့် ကျောင်းသား/သူများတို့သည် ယင်း Training မှ လေ့ကျင့်ပေးခဲ့သည်များအား ရင်ဝယ်ထား၍ ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်သော လူငယ်များနှင့်ဆိုင်သော Forum တစ်ခု၌ လူငယ်အယောက် (၁၅ဝ) အကြား ရဲရဲဝင့်ဝင့် ပြတ်ပြတ်သားသား မှန်မှန်ကန်ကန် ဆွေးနွေးနိုင်လိမ့်မည်ဟု ယုံကြည်မိပါတော့သည်။

(ခြူးစစ်စိုး)

Leave a comment

Your email address will not be published. Required fields are marked *