အစားထိုးမရနိုင်တဲ့ ကြယ်တစ်ပွင့်ကြွေလွင့်သွားခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း)၏ နောက်ဆုံးခရီး

၂၀၁၈ ဇူလိုင် (၁၄) ယနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင် ရာသက်ပန်အသင်းသား၊ ပရဟိတ ငြိမ်းချမ်းရေးဂီတသူရဲကောင်း ဦးရဲလွင် (မဇ္ဈိမလှိုင်း) အသက်(၇၁)နှစ်၏

နောက်ဆုံးခရီးသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးဆောင်ဒါရိုက်တာအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးကျော်သူ ၊ ဒု-ဥက္ကဋ္ဌ ဆရာမဒေါ်သန်းမြင့်အောင် ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် နှင့် အသင်းသူ/သားများက လိုက်ပါပို့ဆောင်၍ ကူညီခဲ့ကြသည်။ ဦးရဲလွင်သည် (၁၉၄၇)ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းတည်မြို့တွင် မွေးဖွားခဲ့ပြီး မောင်နှမဆယ်ယောက်ရှိကာ ငယ်စဉ်ကတည်းကပင် ဂီတဝါသနာ အခြေခံရှိခဲ့သူဖြစ်သည်။ (၁၉၆၈)ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီးနောက် တတိယနှစ်အထိသာ တက်ရောက်ခဲ့သည်။

(၁၉၇၄)ခုနှစ်တွင် E-machine တီးဝိုင်းအဖွဲ့တွင် Bass ဂီတာသမားအဖြစ် ပါဝင်ခဲ့ပြီး (၁၉၈၂)ဒီဇင်ဘာတွင် မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ကို တေးသံရှင် ခင်မောင်တိုး ၊ တေးရေးကိုနေဝင်း၊ ကိုမောင်မောင် (အဉ္ဇလီ)တို့နှင့် ဖွဲ့စည်းခဲ့သည်။ ဦးရဲလွင် ရေးစပ်ခဲ့သည့် ပန်းခရမ်းပြာ တေးသီချင်းမှာ (၁၉၈၈)ခုနှစ်ဝန်းကျင်မှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသီချင်းဖြစ်ပါသည်။ ဦးရဲလွင် နိုင်ငံရေးလှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့ပြီး (၂၀ဝ၇)ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ထောင်(၂)နှစ်ချမှတ်ခံခဲ့ရသည်။

ထောင်မှပြန်လည်လွန်မြောက်လာတဲ့အခါ ကိုနေဝင်း၊ ကိုသားထွေးတို့နှင့်အတူ လက်တွဲကာ Vertical Vibration တီးဝိုင်းကို တည်ထောင်ခဲ့သည်။ (၂၀၁၁)ခုနှစ်တွင် ဒလမြို့နယ်တွင် ရေအခက်အခဲကြုံတွေ့ရချိန်တွင် ပန်းရဲ့လမ်းအဖွဲ့ကို စတင်ဖွဲ့စည်းကာ လူထုအကျိုးပြု ကူညီမှုများစွာတို့ကို ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ခဲ့ပြီး ဂီတဖြတ်သန်းမှုတစ်လျောက် ထင်ရှားသည့် တေးသီချင်းများစွာတို့ကို ရေးသားခဲ့သည့် ဦးရဲလွင်သည် ယနေ့မှာတော့ သူချစ်ရတဲ့ အနုပညာ ၊ သူမြတ်မြတ်နိုးနိုး တောင်းတခဲ့တဲ့ ငြိမ်းချမ်းရေး ၊ အားလုံး အားလုံး တို့ကိုစွန့်ခွာ၍ အမှန်စင်စစ် ငြိမ်းချမ်းရာ ဘုံဘဝသို့ အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားပါတော့သည်။

သတင်း – ပြန်ကြားရေးဌာန

ဓါတ်ပုံ – ​ကျော်ဟိန်း၊ ဖြိုးဖြိုး