သုခအလင်း ပညာဒါန
နာရေးကူညီမှုလုပ်ငန်းနှင့် ဆေးကူညီမှုလုပ်ငန်းများကို လူငယ်များ ပို၍ စိတ်ဝင်စားလုပ်အားပေးလာကြရာ ၊စာဖတ်အားကောင်းသော လူငယ်များ၊ အသိပညာ ဖလှယ်မှုကို စိတ်ဝင်စားသော လူငယ်များ၊ ဗဟုသုတရှာဖွေရန် ဝါသနာပါသော လူငယ်များသည် စာဖတ်အားနည်းသော လူငယ်များကို အသိပညာဖလှယ်လိုသောဆန္ဒများ၊ မိမိအသိကိုအများသိမြင်လာအောင် လက်ဆင့်ကမ်းလိုသော စိတ်ဓာတ်များဖြင့် လူငယ်များကို စုစည်းပြီး ၂၀ဝ၉ ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့မှ စတင်ကာ လူငယ်စကားဝိုင်းကို စီစဉ်ပြီး လူငယ်မောင်မယ်များအတွက် လိုအပ်သော အသိပညာ အတတ်ပညာ ဗဟုသုတများကို ဆွေးနွေးခြင်း၊ ဖလှယ်ခြင်း၊သင်ကြားပေးခြင်းများကို တစ်လလျှင် နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။
လူငယ်များ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမို အကျိုးရှိစေရန်အတွက် ၂၀၁၀ခုနှစ်မှစ၍ လူမှုရေးမျိုးဆက်သစ် သင်တန်းများကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် သင်ကြားပေးသော အကြောင်းအရာများမှာ-
- ဈာပနနှင့်ပတ်သတ်သော လုပ်ငန်းစဉ်များ
- သုခဆေးခန်းနှင့် ပတ်သတ်သော လုပ်ငန်းစဉ်များ
- ဘဝစက်ဝိုင်း၊လူငယ်နှင့် ပရဟိတစိတ်ဓာတ်
- ဗုဒ္ဓဓမ္မနှင့် ပရဟိတ
- အရပ်ဖက်လူ့အဖွဲ့အစည်း
- ဓါတ်ပုံသင်တန်း
- စီမံခန့်ခွဲမှုသင်တန်းများ
- ခေါင်းဆောင်မှုစွမ်းရည်သင်တန်းများ
- လူမှုဆက်ဆံရေး သင်တန်း
အချို့သင်တန်းအပတ်စဉ်များတွင်
- အင်္ဂလိပ်စာ သင်တန်း
- ပန်းချီအနုပညာသင်တန်း
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသင်တန်းများ
- ကလေးသူငယ်ဆိုင်ရာ ဥပဒေ
- လူငယ်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်း စသည်"လူထု အခြေပြုအသိပညာ တိုးတက်မြင့်မားရေး"သင်တန်းများအား ပူးတွဲသင်ကြားပေးခဲ့ပါသည်။
သုခအလင်း စာကြည့်တိုက်
နာရေးကူညီမှုလုပ်ငန်းများနှင့် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် လုပ်အားပေးကြသော လူငယ်မောင်မယ်များမှာ တစ်နေ့တစ်ခြား တိုးပွားလာပါသည်။ ထိုလူငယ်မောင်မယ်များ အသိပညာ အတတ်ပညာများ တိုးတက်စေရန်၊ သုခအလင်းပညာဒါနတွင် တက်ရောက်သင်ကြားလျှက်ရှိသော လူငယ်မောင်မယ်များ ဗဟုသုတအသိဉာဏ်များ တိုးပွားစေရန်၊ နောင်တစ်ချိန်တွင် တိုင်းပြည်၏ အားထားရသည့် ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်များအတွက် နိုင်ငံရေး၊လူမှုရေး၊ ပညာရေး၊ဘာသာရေး၊ကျန်းမာရေး စသည့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်လျှက် သုခအလင်းစာကြည့်တိုက် အား၂၀၁၀ ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။